ဓမ္မစကူးလ် ဆိုတာ
ဓမ္မစကူးလ် ဖောင်ဒေးရှင်းသည် ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဗုဒ္ဓတရားတော်များကို စနစ်တကျ သင်ကြားပေးမည့် ဓမ္မစကူးလ်ကျောင်းတော်များ နိုင်ငံအနှံ့ဖွင့်လှစ်နိုင်အောင် ကြိုးစားဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းကို နိုင်ငံတော်မဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော်၊ အင်းစိန်ရွာမဆရာတော် အမှူးရှိသည့် သြဝါဒါစရိယဆရာတော်များ၊ ပြည်တွင်းပြည်ပ သာသနာပြု ဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် အစရှိသည့် တက္ကသိုလ်များမှ ပညာရှင်များ၊ သီရိလင်္ကာ၊ အိန္ဒိယ အစရှိသည့် နိုင်ငံများတွင် ပညာသင်ကြားခဲ့ကြသည့် ရဟန်းတော်များ၊ သီလရှင်ဆရာလေးများ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး ( YMBA )၊ သာသနာနုဂ္ဂဟအသင်းကြီး၊ ဓမ္မရောင်ခြည် အစရှိသည့် ဘာသာရေးအဖွဲ့အစည်း အသီးသီးမှ တတ်သိပညာရှင်များ၊ ဒါယကာ၊ ဒါယိကာမများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ်ကျောင်းတော်တွင် သင်ရိုးညွှန်းတမ်းဖြင့် မူလတန်းအဆင့်အဖြစ် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းသာ သင်ကြားပို့ချပေးမှာဖြစ်ပြီး အတန်း ၁ တန်းလျှင် ကျောင်းသား၊ကျောင်းသူ ၄၀ ဦး စုစုပေါင်း ၁၂၀ ဦးသာ ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် ထိရောက်စွာ သင်ကြားပေးတာဖြစ်ကြောင်း သိရသည်။