အောက်ဖော်ပြပါ စာပိုဒ်သည် နောက်ဆုံး ဖော်ပြထားသည့် အချက်အလက်ဖြစ်ပြီး၊ ဆက်လက်၍ သိရှိလိုသည့် အချက်အလက်များကို အောက်တွင်ပေးထားသည့် Search တွင် စာလုံးပေါင်း မှန်စွာရိုက်၍ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

ကျိုင်းတုံ မြို့ရိုး

( ကျိုင်းတုံ မြို့ရိုး )

ဓာတ်ပုံ။  ။ ရန်နောင်စိုး 

ကျိုင်းတုံမြို့ကိုသွားဖို့ စိတ်ကူးရှိတော့ မြို့အနေထားကိုသိရအောင် Google Earth မှာရှာကြည့်တဲ့အခါ ကျိုင်းတုံမြို့ပေါ်မှာ ရှေးမြို့ရိုးကြီးတွေ အထင်အရှားရှိနေသေးတာကို တွေ့လိုက်ရပါတယ် ။ ကျိုင်းတုံမြို့မှာ အဲဒီလိုမြို့ရိုးကြီးတွေတွေ့လိုက်ရတော့ အတော်လေးအံ့သြသွားရတာပါ ။ ဒီဒေသက ခေတ်အဆက်ဆက် စော်ဘွားတွေသာ အုပ်ချုပ်ခဲ့တဲ့ဒေသဖြစ်တာမို့ အဲလောက်ထိ မြို့ရိုးကြီးကြီးကျယ်ကျယ်တွေနဲ့ တည်ဆောက်ထားလိပ်မယ်လို့ မထင်ထားခဲ့ပါဘူး ။ ဒေသခံမိတ်ဆွေကို မြို့ရိုးနဲ့ပက်သက်ပြီးသေချာမေးကြည့်တော့လည်း .. ဟုတ်တယ် မြေပြင်က တချို့နေရာတွေမှာ မြို့ရိုးကြီးတွေ ထင်ထင်ရှားရှားရှိနေသေးတယ် ၊ သေချာရှာကြည့်ရင် မြို့ရိုးရဲ့ 70 ရာခိုင်နုန်းလောက်ကို တွေ့နိုင်သေးတယ်လို့ ဆိုပါတယ် ။

ကျိုင်းတုံမြို့ကိုရောက်တော့ မြို့ခံသူငယ်ချင်းက မြို့ရိုးတွေအနား ကားနဲ့ပတ်လို့ ရသလောက်နေရာတွေကို လိုက်ပြပေးပါတယ် ။ မြို့ရိုးကြီးက တစ်ချို့နေရာတွေမှာ ရပ်ကွက်တွေထဲရောက်နေခဲ့ပြီး ထင်ထင်ရှားရှား မရှိတော့ပါဘူး ။ တချို့မြို့ရိုးတံခါးပေါက်နေရာတွေမှာ အုပ်ချပ်အပိုင်းအစတွေ ကျန်နေတာကလွဲလို့ ကျန်အစိတ်ပိုင်းတွေကိုတော့ ရပ်ကွက်က ဝါးမြိုလိုက်ပုံရပါတယ် ။ နောင်တုံကန်ကြီးရဲ့ အရှေ့တောင်ဘက် လူနေထူတပ်တဲ့ မြို့တွင်းရပ်ကွက်နေရာတွေမှာတော့ မြို့ရိုးအပိုင်းအစတွေလုံး၀ ပျောက်ကွယ်သွားပါပြီ ။¬ အဲလိုဖြစ်နေတာက မြို့တွင်းပိုင်းတွေမှာသာဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နုန်းလောက်မှာတော့ မြေမြို့ရိုးကြီးကို အတော်လေးကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သေးတာပါ ။

မြို့ရိုးနဲ့ ကျုံးကို ထင်ထင်ရှားရှား တွေ့နေရတဲ့နေရာတွေက သစ်တစ်ပင်တောင်ထိပ် နဲ့ ကားကြီးဝင်း နောက်ကျောဘက် ၊ မြို့ရဲ့ အနောက်တောင်ဘက် နဲ့ တောင်ဘက်တို့ မှာဖြစ်ပါတယ် တချို့ကျန်နေသေးတဲ့ကျုံးရာတွေမှာ ရေဆိုးရေညစ်တွေ တွေ့နေရပြီး အချို့နေရာတွေမှာကျတော့ ရေမရှိဘဲ ခြုံတွေ ထူထပ်စွာ ပေါက်ရောက်နေတာကိုတွေ့ရတယ် ။ လက်ရှိမြင်တွေ့နေရသေးတဲ့ မြေမြို့ရိုးကြီးတောင်မှ 15 ပေဝန်းကျင် အမြင့်လောက်ရှိနိုင်ပါတယ် ။ မြို့တံခါးပေါက်ရဲ့တချို့နေရာတွေကို သက်ဆိုင်ရာ ဌာနက မူလတံခါးနာမည်တွေ ရေးထိုးပြီး ရာယီဆိုင်းဘုတ်လေးတွေ တတ်ထားတာကို တွေ့ရပါတယ် ။ တချို့တံခါး နေရာတွေမှာကျတော့လဲ ဆိုင်းဘုတ်တွေကို မတွေ့ရတော့ဘူး ။

ကျိုင်းတုံမြို့ကို ဝန်းရံထားတဲ့ မြို့ရိုးပတ်ပတ်လည်ဟာ ၄ မိုင်နဲ့ ၁ ဖာလုံခန့်ရှိတယ်လို့ ဆိုပါတယ် ။ ဒါဆိုရင် မန္တလေးနန်းမြို့ရိုးထက် နည်းနည်းလေးဘဲ ငယ်တယ်လို့ ဆိုရမှာပါ ။ ကျိုင်းတုံမြို့ရိုးရဲ့ ထူးခြားချက်က ရှေးကျတဲ့ မြန်မာမြို့ရိုးတွေလို အဝိုင်းလည်းမဟုတ် လေးထောင့်လည်းမကျဘဲ အဆင်ပြေသလို ကုန်းတက်ကုန်းဆင်း တွေကို ကျော်ပြီး ဝန်းရံထားတာ ဖြစ်ပါတယ် ။ ကုန်းတက်ကုန်းဆင်းတွေကို ဖြတ်ပြီး ကာရံထားတဲ့ မူလမြို့တံထိုင်းကြီးတွေဟာဆိုရင် တရုပ်နိုင်ငံက မဟာတံတိုင်းကြီးလို မြွေလိမ်မြွေကောက်ပုံစံမျိုးဖြစ်နေမလားပဲ ။ နောက်ပြီး ကျုံးထဲမှာလည်း နေရာတိုင်း ရေရှိနေမှာမဟုတ်လောက်ဘူး ။ တချို့နေရတွေမှာ ကျုံးခြောက်ဖြစ်နေမှာပါ ။ အခုအချိန်မှာ ကျုံတစ်လျှောက်ပေါက်ရောက်နေတဲ့ သစ်ပင်ခြုံနွယ်တွေကြောင့် မြို့ရိုးဟောင်းကြီးကို ထင်ထင်ရှားရှားမမြင်ရဘဲ ဖြစ်နေပါတယ် ။ တကယ်လို့ မူလတံခါးတွေကို ပြန်လည်ပြုပြင်ပြီး မြို့ရိုးတစ်လျှောက် သေသေချာချာရှင်းလင်းမှုတွေပြုလုပ်ထားမယ်ဆိုရင်တော့ မြို့ကျက်သရေတိုးလာမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်မှာ အမှန်ပဲ ။ အခုကတော့ မြို့ရိုးထဲမှာဝါးပင်တွေ စိုက်ထားကြတာ ၊ အမှိုက်သရိုက်တွေစွန့်ပြစ်ထားတာကိုလည်း တွေ့နေရလေရဲ့ ။ တချို့နေရာတွေမှာဆို ကျုံးကိုမြေဖို့လို့ ကျုးကျော်အိမ်တွေဆောက်ထားတာတွေတောင် ရှိနေသေးတယ်လို့ သိရပါတယ် ။ ဒါတွေကို တာဝန်ရှိသူများအနေနဲ့ သေသေချာချာကွပ်ကဲပြီး မြို့ရိုးကြီးရေရှည်တည်မြဲဖို့ ထိန်းသိမ်းထားသင့်ပါတယ် ။
။ မြို့ရိုးမှာ တံခါးပေါက် ၁၂ ပေါက် ( အမင်္ဂလာတံခါးမပါ ) ရှိတယ်လို့ သိရပါတယ် ။ မူလတံခါးပေါက်နေရာတော်တော်များများကို မြို့ရိုးတစ်လျှောက်မှာတွေ့နေရသေးတာပါ ။ မူလရှိခဲ့ဖူးတဲ့ တံခါးနာမည်တွေကတော့ မင်္ဂလာတံခါး ၊ ပါလျှန်တံခါး ၊ ကျိုင်းလန်းတံခါး ၊ ငမ်ဖတံခါး ၊ ဖာယန်တံခါး ၊ စဲန်မိုင်းတံခါး ခေါ် ကျိတိမိုင်းတံခါး ၊ ယန်းခမ်းတံခါး ၊ နောင်လိပ်တံခါး ၊ နောင်ဖာတံခါး ၊ ယန်းပိန်တံခါး ၊ ကိုင်ဟိုက်တံခါး နဲ့ ယန်းကုန်းတံခါး တို့ပဲဖြစ်ပါတယ် ။ ဒီတံခါး ၁၂ ရပ်ထဲက တချို့တံခါးနေရာတွေကို တွေ့နိုင်ပါသေးတယ် ။ ဒါပေမယ့်လည်း လက်ရှိမျက်မြင်အားဖြင့် ပါလျှန်တံခါးတစ်ခုကိုပဲ အကောင်းပကတိအတိုင်း မြင်ရတော့တာပါ ။ ဒီတံခါကလည်း ပြုပြင်မှုတွေပိုမိုလွန်းတော့ မူလပုံစံနဲ့ တူသေးရဲ့လားလို့ သံသယဖြစ်နေမိပါတယ် ။

ပါလျန်တံခါးကြီးဟာ မြို့အရှေ့ဘက်တည့်တည့် လွယ်မွေကိုသွားတဲ့လမ်ပေါ်မှာတည်ရှိပါတယ် ။ မူရင်းလက်ရာအတိုင်းပြန်ပြင်ထားတာဆိုလို့ ဒီတံခါးတစ်ခုပဲ ကျန်တော့တာပါ ။ တံခါးကြီးကို ဒီဒေသမှာ ဆောက်လုပ်ကြတဲ့ ထုံးစံအတိုင်း ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ် ။ တံခါးအဝင်ပေါက်က ၁၀ ပေအကျယ်လောက်ရှိပြီး ၁၈ ပေလောက် မြင့်လောက် ရှိနိုင်ပါတယ် ။

နဘေးတစ်ဖက် တစ်ချက်မှာ ရှိတဲ့ အုတ်တိုင်က ၂၀’ ¬x ၈’x၆’ ထုလောက်ရှိနိုင်တယ်လို့ ဆိုပါတယ် ။ တံခါးကြီးက ထုနဲ့ထည်နဲ့မို့ တော်တော်ကို ခန့်ညားတာပါ ။ တံခါးပုံစံကလည်း ရှေးဗမာမြို့ရိုးတံခါးနဲ့မတူတော့ အမြင်အားဖြစ်လည်း ထူးခြားပါတယ် ။ ဒီတံခါးနဲ့ တစ်ဆက်စပ်တည်းရှိနေဖူးတဲ့ မြို့ရိုးအပိုင်းစတွေကတော့ ကွယ်ပျောက်ကုန်ပါပြီ ။ အစနကိုတောင် မတွေ့ရတော့ပါဘူး ။
လက်ရှိမြင်နေရသေးတဲ့ ကျိုင်းတုံမြို့ရိုးကြီးကို စော်ဘွား စဝ်မဟာခနန် ( စဝ်ဖလုံ ခေမာရဋ္ဌမဟာသီဟပဝရ သုဓမ္မရာဇာ ဘူမိန္နဓိပတိရာဇ ) က ဘိုးတော်ဘုရားလက်ထက် AD ၁၈၁၉ ခုနှစ်မှာ စတည်ဆောက်ခဲ့တာဖြစ်ပါတယ် ။ မိုင်းယမ်းကနေ ကျိုင်းတုံကို ၁၈၁၇ ခုနှစ်မှာပြောင်းရွှေ့လာပြီးနောက် အုပ်ချုပ်ရေးမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်သလို မြို့ရွာစည်ပင်အောင်လည်း ကြိုးစားလုပ်ဆောင်တယ်လို့ ဆိုပါတယ် ။ အဲဒီဆောင်ရွက်ချက်တွေထဲမှာ ကျိုင်းတုံမြို့ကို ပြုပြင်တိုးချဲ့တာလည်းပါသေးတာပါ ။ အခုလက်ရှိမြင်နေရတဲ့ 4 မိုင် 1 ဖာလုံ ရှိတဲ့မြို့ရိုးပတ်လည် ကို ၁၈၁၉ ခုနှစ်မှာ စတင်တူးဖို့ပြီး ၁၈၃၃ ခုနှစ်မှပြီးတယ်လို့ သိရပါတယ် ။

စော်ဘွာကြီးက သူကိုယ်တွေ့ကြုံခဲ့ရတဲ့ ယိုးဒယားရန်ကို ကာကွယ်ပြီး ပြန်လည်ခုခံနိုင်ဖို့ ဒီမြို့ရိုးကို တည်ဆောက်ခဲ့တာဖြစ်နိုင်ပါတယ် ။ ၁၈၀၂ ခုနှစ်တုန်းက ကျိုင်းတုံကို ဇင်းမယ်က ဝင်ရောက်တိုက်ခိုက်ပြီး စော်ဘွားနဲ့အတူ ဆွေမျိုးအချွေရံအသင်းအပင်းအကုန်လုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုတယ် ။

ဖမ်းဆီးခံရတဲ့အထဲက စဝ်မဟာခနန်ဟာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ် ။ နောက်ပြီး မိုင်းယန်းနဲ့ မိုင်းလွယ်မှာနေလို့ လူစုတယ် ။ အစပိုင်းမှာ မြန်မာဘုရင်က သူ့ကိုအသိမှတ်မပြုဘဲ လိုက်ဖမ်းစေတယ် ။ နောက်ပိုင်းကျတော့ စဝ်မဟာခန်ဟာ လူနှစ်ယောက်ကို မြန်မာနဲ့ စေ့စပ်ညှိနိုင်းစေပြီး ၁၈၁၃ ခုနှစ်မှာ ရွှေမြို့တော်ရှိ ဘိုးတော်ဘုရား ဗဒုံမင်းဆီ ဆင်ကောင်း ၁၂ စီးဆက်သလို့ အခစားဝင်တယ် ။

မြန်မာဘုရင်ကလည်း သူ့ကို “စဝ်ဖလုံ ခေမာရဋ္ဌမဟာသီဟပဝရသုဓမ္မရာဇာဘူမိန္နဓိပတိရာဇ” ဆိုတဲ့ဘွဲ့ကို ပေးအပ်လို့ ကျိုင်းတုံစော်ဘွားအဖြစ် အသိအမှတ်ပြုပါတယ် ။ အဲဒီစော်ဘွားကပဲ လက်ရှိမြင်နေရသေးတဲ့ ကျိုင်းတုံမြို့ရိုးကြီးကို တည်ဆောက်သွားခဲ့တာပါ ။ စော်ဘွားကြီး စဝ်မဟာခနန်ဟာ ၁၈၅၇ ခု အသက် ၇၆ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ် ။

မြန်နိုင်ငံအတွင်းက ရှေးဟောင်းမြို့ရိုးကြီးတွေ အထင်ရှားရှိနေသေးတဲ့ မြို့တွေ တော်တော်ရှားပါတယ် ။ မြို့ရိုးနဲ့ကျူံးတွေဟာ အဲဒီမြျိ့ရဲ့သမိုင်းကြောင်းကိုကောင်းကောင်းကြီးပြောနိုင်သလို ဒီမြို့မှာအုပ်ချုပ်မင်းလုပ်သွားတဲ့သူတွေနဲ့ မြို့တော်အတွင်းမှီတင်းနေထိုင်သွားကြတဲ့ မြို့နေပြည်သူတို့ရဲ့ ယဉ်ကျေးမှုအဆင့်တန်းကိုလည်း ဖော်ဆောင်လျှက်ရှိပါတယ် ။ ဒါကြောင့်မို့ မြို့တစ်မြို့ရဲ့အဆင့်တန်း ၊ ဂုဏ်ကျက်သရေနဲ့ သမိုင်းကြောင်းကို ထင်ထင်ရှားရှား ဖော်ဆောင်ပေးနေတဲ့ ရှေးဟောင်းကျိုင်းတုံမြို့ရိုးနဲ့ ကျူးကြီး ရေရှည်တည်တံ့နေဖို့ ကောင်းမွန်စွာထိန်းသိမ်းထားရှိသင့်ကြောင်း အလေးအနက်အကြံပြုလိုက်ချင်ပါတယ် ။

( ရန်နောင်စိုး ) https://www.facebook.com/yannaung.soe.1422/posts/1024172180939487
အကိုးအကား ။ ။ နယ်လှည့်ရာဇဝင် ( ဒေါက်တာသန်းထွန်း )

အညွှန်းများ

AAC BOT DKBA FED IRRC KIO KNO KNPP KNU KWAT KYO NLD O7 PNLO PNO RANIR RCSS/SSA Shanstate SNDP SNLD SWAN TACDB Tachileik UNFC UNODC USDP WPN ကချင် ကညန ကျားဖြူ ကျိုင်းတုံ ကွန်ယက် ကားဂိတ် ချစ်ကြည်ရေးအမှတ်(၁)တံတား ခရိုင်အုပ်ချုပ်ရေးမှူး ငလျင် စည်ပင် စီးပွားရေး ဆက်သွယ်ရန် ဆန္ဒပြပွဲ ဆား ဈေး ဌာနဆိုင်ရာ တံတား(၁) တာချီလိတ် တာချီလိတ်နာရေးကူညီမှုအသင်း တာဝန် တောင်ကြီး ဒို့ညီနောင် ဒုက္ခသည်စခန်း ဓနု နိုင်ငံရေးရာ ပင်လုံ ပညာရေး ပြည်နယ် ပလဆ ပါတီနိုင်ငံရေး ပုဂ္ဂိုလ် ဖုန်းနံပါတ်များ ဘဏ် မကွေး မြန်မာ-ထိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး မှတ်တမ်း မိုင်းဆတ် ရွေးကောက်ပွဲကော်မရှင် ရှမ်းမြောက် ရဲ လွှတ်တော် ကိုယ်စားလှယ် လုပ်ငန်းတာဝန် လုပ်ငန်းရှင်များ လူမှုရေး လူ့အခွင့်အရေး ဝန်ကြီး ဝန်ထမ်း ရေးရာ သဘာဝဘေး သမိုင်း သမ္မတ သုတ ဟိုတယ် ဟိုတယ်ခရီး အချက်အလက် အစိုးရ အဆိုတော် အထွေထွေ အရေအတွက် အသင်း အဖွဲ့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း